International News

စင်ကာပူတွင် ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီများ၏ ပုံသေပိုင်းပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုပမာဏ သည် (၇) နှစ်တာကာလအတွင်း အများဆုံးဖြစ်၊ အလုပ်အကိုင်ပေါင်း ၃၂,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်

Last Updated:

         ကမ္ဘာစီးပွားရေးအခြေအနေမှာ မသေချာမရေရာမှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း စင်ကာပူသည် ၂၀၁၉ ခုနှစ် တွင် ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှုပမာဏ (Fixed Asset Investments-FAI) စင်ကာပူဒေါ်လာ ၁၅.၂ ဘီလီယံအထိ ဆွဲဆောင်နိုင်ခဲ့သည့်အတွက် စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဘုတ်အဖွဲ့ (Economic Development Board – EDB) ၏ ကာလလတ်နှင့် ကာလရှည် လျာထားချက် (စင်ကာပူ ဒေါ်လာ ၈ ဘီလီယံမှ ၁၀ ဘီလီယံအကြားထက်)  များစွာမြင့်တက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည့် စင်ကာပူ ဒေါ်လာ ၁၀.၉ ဘီလီယံ ထက်လည်းပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်း အများဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏအဖြစ် စာရင်းဝင်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ပုံသေပိုင်းပစ္စည်းရင်းနှီးမြှုပ်နှံမှုပမာဏဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများသည် စင်ကာပူ၏ GDP အပေါ် တစ်နှစ်လျှင် တန်ဖိုးထပ်တိုးမှု စင်ကာပူဒေါ်လာ ၂၉.၄ ဘီလီယံဖြင့် တိုက်ရိုက် ပံ့ပိုးပေးနိုင်ကြောင်း၊ ထို့ပြင် အလုပ်အကိုင်ပေါင်း ၃၂,၈၁၄ ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ အလုပ်အကိုင် အများစုမှာ စင်ကာပူနိုင်ငံသားများက လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်စုစုပေါင်း၏ တစ်ဝက်ခန့်မှာ ဒီဂျစ်တယ်စီးပွားရေးနှင့်သက်ဆိုင်သော အလုပ်အကိုင်များဖြစ်ပြီး၊ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သည် အတတ်ပညာရှင်များ၊ မန်နေဂျာများ၊ အလုပ်မှု ဆောင်အရာရှိများနှင့် နည်းပညာရှင် များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၌လည်း အလုပ်အကိုင်ပေါင်း ၆၀,၀၀၀ ခန့် ဖန်တီးပေးခဲ့ရာ ၅၀,၀၀၀ ခန့်သည် စင်ကာပူနိုင်ငံသားများ အတွက် ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

   ဓာတုပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများက စင်ကာပူဒေါ်လာ ၄.၉ ဘီလီယံနှင့် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများက စင်ကာပူဒေါ်လာ ၄.၆ ဘီလီယံတို့ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ကြသောကြောင့် ဓာတုဗေဓ ပစ္စည်းနှင့် ဆီမီးကွန်ဒပ်တာများအတွက် ဝယ်လိုအား မြင့်တက်လာမည့်အခြေအနေအပေါ် ကြိုတင်ပြင်ဆင်လာကြခြင်း ဖြစ်ကြောင်း၊ စင်ကာပူတွင် လုပ်ငန်းများ၏ ဒေသတွင်းရုံးချုပ်အဖြစ် တိုးချဲ့တည်ထောင်လာခြင်း၊ ဒီဂျစ်တယ်လုပ်ငန်း များနှင့် ဒီဂျစ်တယ်အသွင် ပြောင်းလဲဆောင်ရွက်ရန် ပြင်ဆင်နေကြသောလုပ်ငန်းများ၏ လုပ်ငန်းစွမ်းရည်တည် ဆောက်မှုအပိုင်းတို့၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လာခြင်းများကလည်း အဓိကအထောက်အကူပြုခဲ့ကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ မသေချာမှုများရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်သော အာရှဒေသတွင် စင်ကာပူ၏ မဟာဗျူဟာကျစွာ တည်ရှိမှု၊ စင်ကာပူ၏ စီးပွားရေးစွမ်းဆောင်ရည်ရှိမှု၊ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုနှင့် မူဝါဒများ တည်ငြိမ်မှုအခြေအနေများက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် အဓိကအကြောင်းအရာများ ဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ် ။     ။ The Business Times/ The Straits Times

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

 

Category: International News